
လာလီဂါမှာ ဂိုး ၂၀၀ ပြည့် သွင်းယူနိုင်တဲ့ ၁၁ ဦးမြောက်ကစားသမားအဖြစ် ဂရီးဇ်မန်း မှတ်တမ်းဝင်
အက်သလက်တီကိုအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ လာလီဂါမှာ ဂိုး ၂၀၀ ပြည့် သွင်းယူနိုင်တဲ့ ၁၁ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဂရီးဇ်မန်းဟာ ၂၀၀၉ ခုနှစ်ကတည်းက လာလီဂါမှာ ကစားနေခဲ့သူဖြစ်ပြီး ဆိုစီဒက်အတွက် ဂိုး ၄၀ ၊ ဘာစီလိုနာအတွက် ၂၂ ဂိုး၊ အက်သလက်တီကိုအသင်းအတွက် ၁၃၈ ဂိုး သွင်းယူခဲ့တာပါ။
ဂရီးဇ်မန်းဟာ သူ့ရဲ့ လာလီဂါပွဲဦးထွက်ကို ၂၀၁၀ မှာ စတင်ခဲ့ပြီး ပထမဆုံးလာလီဂါဂိုးကိုတော့ ၂၀၁၀ အောက်တိုဘာမှာ ကစားခဲ့တဲ့ ဒီပို့တီဗိုနဲ့ပွဲမှာ စတင်သွင်းယူနိုင်ခဲ့တာပါ။
လာလီဂါဂိုး ၂၀၀ ပြည့်ကိုတော့ အခုတစ်ပတ် ဆီဗီလာကို အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့ခြင်းဖြစ်ပြီး ၂၁ ရာစုအတွင်းဆိုရင်တော့ လာလီဂါ ဂိုး ၂၀၀ ပြည့်သွင်းယူနိုင်တဲ့ ပဉ္စမမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
လာလီဂါမှာ ဂိုးအများဆုံးသွင်းယူထားသူက ဘာစီလိုနာကစားသမားဟောင်း မက်ဆီ ( ၄၇၄) ဂိုးဖြစ်ပြီး သူ့နောက်မှာတော့ စီရော်နယ်လ်ဒို (၃၁၁)ဂိုး၊ တယ်လ်မိုဇာရာ (၂၅၁)ဂိုး၊ ဘန်ဇီမာ (၂၃၈) ဂိုး၊ ဟူဂိုဆန်းချက်ဇ် (၂၃၄) ဂိုး၊ ရာအူးလ် (၂၂၈) ဂိုး၊ ဒီစတီဖာနို (၂၂၇) ဂိုး၊ စီဆာ (၂၂၁) ဂိုး၊ ကွီနီ (၂၁၉) ဂိုး၊ ပယ်ဟင်ညို (၂၁၂) ဂိုးနဲ့ ဂရီးဇ်မန်း (၂၀၀) ဂိုးတို့ အစဥ်လိုက်ရပ်တည်နေပါတယ်။









