
ငယ်စဉ်က အရက်စွဲခဲ့ဖူးပြီး ဇနီးဖြစ်သူ ကောလင်းသာ မရှိပါက မိမိသေနိုင်ကြောင်း ရွန်နီ ဝန်ခံ
မန်ယူအသင်းနဲ့ အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက ငယ်စဉ်ဘဝမှာ အရက်စွဲခဲ့ဖူးပြီး ဇနီးဖြစ်သူ ကောလင်းသာ မရှိရင် မိမိသေနိုင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
ရွန်နီက မန်ယူအသင်းနဲ့ အင်္ဂလန်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ ပြုလုပ်တဲ့ ”Rio Ferdinand Presents” Podcast အစီအစဉ်မှာ ငယ်စဉ်ဘဝအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခြင်းဖြစ်ပါတယ်။
”သူသာ မရှိရင် ကျွန်တော်သေလိမ့်မယ်ဆိုတာ ရိုးသားစွာ ယုံကြည်ပါတယ်။ ကျွန်တော် အရင်တုန်းက အမှားတွေလုပ်ခဲ့ဖူးတယ်။ အဲဒါတွေကို သေချာမှတ်တမ်းတင်ထားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေမှာ ကျွန်တော်က နည်းနည်းတော့ ကွဲပြားမှုရှိပါတယ်။ သူက ကျွန်တော့်ကို ထိန်းကျောင်းပေးခဲ့တာပါ။ အသက် ၂၀ အရွယ်မှာ သူက ဒါကို လုပ်ခဲ့တာပါ။ ကျွန်တော်က အပြင်သွားချင်တယ်။ ညဘက်အပြင်ထွက်ပြီး ကျွန်တော့်အချိန်တွေကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းချင်တယ်။ အဲဒါက ကျွန်တော့်ကို ဝေးလွန်းတဲ့နေရာ ရောက်သွားစေတယ်။ အဲဒီအချိန်က ကျွန်တော့်ဘဝမှာ အရက်နဲ့အတူ အကြီးအကျယ်ရုန်းကန်ခဲ့ရတဲ့ အခိုက်အတန့်ပါပဲ။ အဲဒါကနေ ကျွန်တော် လှည့်ပြန်လာအောင် ဘယ်သူမှလုပ်နိုင်မယ်လို့ မထင်ခဲ့မိဘူး။ ဒါကို ကျွန်တော် တကယ်မလုပ်ချင်ခဲ့တာပါ။
ဘာလို့လဲဆိုတော့ ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ပါ။ လေ့ကျင့်ရေးကွင်းကိုသွားရင် မျက်စဉ်းခတ်ပြီး ပီကေဝါးသွားတာ ကျွန်တော်သတိရသေးတယ်။ ကျွန်တော် နှစ်ရက်ဆက်တိုက် အရက်မူးနေခဲ့တယ်။ ပိတ်ရက်မှာ လေ့ကျင့်ရေးကွင်းကိုလာပြီး နှစ်ဂိုးသွင်းတယ်။ ပြီးတော့ ပြန်သွားပြီး နှစ်ရက်ဆက်တိုက် ပြန်သောက်တယ်။ သူက ကျွန်တော့်ကို အများကြီးထိန်းချုပ်နိုင်ဖို့ ကူညီပေးတယ်။ သူက ကျွန်တော့်ကို စီမံခန့်ခွဲပေးတယ်ဆိုတာ ကျွန်တော်က အဲဒီလိုလုပ်ဖို့ လိုအပ်နေလို့ပါ” လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုနဲ့ ဆက်ဆံရေးအပေါ် ရွန်နီက ”ကျွန်တော် သူ့ကိုမုန်းနေတယ်လို့ လူတွေက ထင်ကြတယ်။ ကျွန်တော် သူ့ကိုသဘောကျပါတယ်။ သူက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူလုပ်နေတာတွေက မယုံနိုင်စရာပဲလို့ ကျွန်တော်ထင်တယ်။ ခရစ္စတီယာနိုနဲ့ တွဲကစားရတာကို ကျွန်တော် သဘောကျပါတယ်။ သူနဲ့ကျွန်တော် ဘယ်လောက်ရင်းနှီးမှုရှိလဲဆိုတာ လူတွေ တကယ်သိတယ်လို့ မထင်ပါဘူး။ အဲဒါက ဘာလို့လဲဆိုတော့ မက်ဆီက ရော်နယ်လ်ဒိုထက် ပိုကောင်းတယ်လို့ ကျွန်တော်ပြောဖူးတာကြောင့်ပါ။
ဒါကြောင့် ကျွန်တော်က ခရစ္စတီယာနိုကို သဘောမကျဘူးလို့ လူတွေက ထင်ကြတာပါ။ မက်ဆီကိုလည်း ကျွန်တော် တကယ်သဘောကျပါတယ်။ သူကစားတာကိုကြည့်ရတာ ကြိုက်ပါတယ်။ ဒါကြောင့်လည်း မက်ဆီရဲ့ ကစားပုံက နည်းနည်းပိုသာတယ်လို့ ထင်တာပါ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။









