
လီဝန်ဒေါစကီးကို အာမိုရင်မ် အလိုရှိနေပေမဲ့ ဆာဂျင်ရက်ကလစ်ဖ် တားမြစ်
မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ဆန္ဒရှိနေပေမဲ့ အသင်းရဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်က တားမြစ်ခဲ့ကြောင်း သတင်းထွက်လာပါတယ်။
ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီး(၃၇ နှစ်)ဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာအသင်းက သက်တမ်းတိုးလိုခြင်းမရှိတော့တာကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့်ကစားသမားကို အာမိုရင်မ်က မျက်စိကျနေခြင်းဖြစ်ကြောင်း သိရပါတယ်။
လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ(၁၅၆)ပွဲမှာ (၁၀၅)ဂိုးသွင်းယူပြီး ထိပ်တန်းခြေစွမ်းပြသနေဆဲဖြစ်ပေမဲ့ ဘာစီလိုနာအသင်းမှာ တစ်ပတ်ပေါင်(၅၄၀၀၀၀)ကျော်ရရှိနေသူဖြစ်တာကြောင့် မြင့်မားတဲ့လစာနှုန်းထား ပေးချေရဖွယ်ရှိတဲ့အတွက် ဆာဂျင်ရက်ကလစ်ဖ်က တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လီဝန်ဒေါစကီးဟာ ဒီလအစောပိုုင်းမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲတချို့ကို လွဲချော်ခဲ့ရပေမဲ့ အခု လေ့ကျင့်မှုပြန်လုပ်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာအသင်းက လီဝန်ဒေါစကီးနေရာ အစားထိုးဖို့အတွက် မန်စီးတီးတိုက်စစ်မှူး ဟာလန်း၊ အက်သလက်တီကိုတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်နဲ့ ဒေါ့မွန်တိုက်စစ်မှူး ဂွီရာဆေးတို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်းလည်း သတင်းထွက်နေပါတယ်။









