
အာဆင်နယ်အသင်းနည်းပြ အာတေတာက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်တဲ့အသင်း ကိုးသင်းလောက်ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းက ပြီးခဲ့တဲ့သုံးရာသီဆက်တိုက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယရခဲ့တာပါ။
လက်ရှိမှာ ဇူဘီမန်ဒီ၊ မာဒူအေကေ၊ နော်ဂေါ့၊ ကယ်ပါစတဲ့ ကစားသမားသစ်တွေ ခေါ်ယူထားပြီး ပေါင် သန်း ၁၂၀ လောက် အသုံးပြုထားပါတယ်။
ဒါ့အပြင် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်နဲ့ ဗလင်စီယာနောက်ခံလူ မော်စကေရာတို့ကိုလည်း ခေါ်ယူဖို့ သေချာနေပါတယ်။
အာဆင်နယ်အသင်းနည်းတူ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးစတဲ့အသင်းတွေလည်း အခုနွေရာသီမှာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။
”နှစ်တိုင်း ကျွန်တော်တို့ တိုးတက်လာတာကို မြင်ရတယ်။ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ ငယ်ရွယ်မှုနဲ့ ဆာလောင်မှုစတဲ့ ဟန်ချက်ညီတာမျိုး လည်း ရှိပါတယ်။ အဲဒါအရာတွေအားလုံး ဒီမှာရှိပါတယ်။ အမှတ်ပေးပြိုင်ပွဲမှာ အခြား ခြောက်သင်း၊ ခုနစ်သင်း၊ ရှစ်သင်းလောက်က ဗိုလ်စွဲ နိုင်မယ့် စုဖွဲ့မျိုး ရှိနေတယ်။ ဒီထဲက တစ်သင်းသာ ဗိုလ်စွဲမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အရာအတော်များများ အာရုံစိုက်ထားရပါမယ်။ ရာသီကုန်မှာ အောင်မြင်မှုရနိုင်ဖို့ ကျွန်တော်တို့ ကြီးကြပ်ထိန်းချုပ်နိုင်သလို၊ လုပ်လည်း လုပ်နိုင်ပါတယ်”လို့ အာတေတာက ပြောခဲ့ပါတယ်။









