
မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်နဲ့ ဂိုးသမား လမ်မန်းစ်တို့ကို ဖာဂူဆန် ချီးကျူးစကားဆို
မန်ယူနိုက်တက်ဂန္ထဝင်နည်းပြ ဆာအဲလက်စ် ဖာဂူဆန်က နည်းပြ အာမိုရင်မ်နဲ့ ဂိုးသမား လမ်မန်းစ်တို့ကို ချီးကျူးစကားဆိုခဲ့ပါတယ်။
ဖာဂူဆန်ဟာ Bahrain International Trophy မြင်းစီးပြိုင်ပွဲကို တက်ရောက်လာချိန်မှာ အသင်းဟောင်းနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။
”မန်နေဂျာက ကောင်းမွန်တဲ့ လက်မှတ်ထိုးမှုတချို့ ပြုလုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် ဂိုးသမားက ထူးထူးချွန်ချွန် ကစားပြနိုင်ခဲ့တယ်။ သူက သုံးပွဲ သို့မဟုတ် လေးပွဲလောက်သာ ကစားရသေးပြီး တကယ်ကောင်းပါတယ်။ တကယ်တော့ ဝုလ်ဗ်၊ ဘရန့်ဖို့ဒ်ကနေ ခေါ်ယူခဲ့တဲ့ အမ်ဘူမို၊ ကူညာတို့ကိုလည်း ဒီစာရင်းထဲ ထည့်ရမယ်။ မန်နေဂျာအနေနဲ့ အောင်မြင်မှုအနည်းငယ်ရဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်မှာ အောင်မြင်ဖို့ လိုအပ်ပါတယ်။ လက္ခဏာတွေကတော့ ပိုကောင်းလာပါတယ်။ ပွဲဆက်အနိုင်ရတာမျိုးဟာ ယူနိုက်တက်လို အသင်းတချို့မှာ အမြဲမျှော်လင့်ခံနေရတဲ့ အရာပါပဲ။ စောင့်ဆိုင်းခြင်း၊ စိတ်ရှည်သည်းခံခြင်းနဲ့ တိုးတက်မှုစက်ဝိုင်းတစ်ခုကို ဖြတ်သန်းပြီးချိန်ကျရင် သူတို့ ကျေနပ်ဝမ်းသာရပါလိမ့်မယ်”လို့ မန်ယူနိုက်တက်ကို ၂၆ နှစ်အတွင်း ဖလား ၃၈ လုံး ယူပေးခဲ့တဲ့ ဖာဂူဆန်က ပြောခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ သုံးပွဲဆက်နိုင်ပွဲအပါအဝင် ပရီးမီးယားလိဂ် ငါးပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ တတိယနေရာက ချယ်လ်ဆီးနဲ့ နှစ်မှတ်အကွာ အဆင့် ခုနစ်နေရာမှာ ရပ်တည်နေပါတယ်။
ဂိုးသမား လမ်မန်းစ်ဟာ အသင်းရဲ့ ရှုံးပွဲမရှိခဲ့တဲ့ ငါးပွဲဆက်တိုက် ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။









