
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ(ယခင် ဥရောပဖလားအပါအဝင်)သမိုင်းတစ်လျှောက် စပိန်ကလပ်တွေကို (၆)ပွဲဆက်အနိုင်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဆီဗီလာကို နှစ်ကျော့စလုံး အနိုင်ရရှိခဲ့သလို၊ ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ် League Phase အဆင့်မှာ ဂျီရိုနာ၊ ကွာတားဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်ကို နှစ်ကျော့စလုံးအနိုင်ရခဲ့ပြီး အခု ဘီလ်ဘာအိုအသင်းကို အနိုင်ရခဲ့တာကြောင့် စပိန်ကလပ်တွေကို (၆)ပွဲဆက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဘီလ်ဘာအိုအသင်းကို လူစားဝင်ကစားသမားတွေဖြစ်တဲ့ မာတင်နယ်လီနဲ့ ထရိုဆတ်ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လူစားဝင်ကစားသမားနှစ်ဦး အပြန်အလှန်ဖန်တီးမှုတွေနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာကလည်း အာဆင်နယ်အသင်း ချန်ပီယံလိဂ်ယှဉ်ပြိုင်ခဲ့တဲ့ ကာလတစ်လျှောက် ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဒီပွဲမှာ ဘီလ်ဘာအိုအသင်းရဲ့ ပွဲထွက်ကစားသမား (၁၁)ဦးစလုံးက ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ဖူးတာဖြစ်ပြီး ဒါဟာလည်း ၁၉၉၅ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်ကစားသမား (၁၁)ဦးစလုံး ချန်ပီယံလိဂ်ပွဲဦးထွက်အဖြစ် မှတ်တမ်းဝင်ခဲ့ဖူးတဲ့ ဖြစ်ရပ်နဲ့ တူညီခဲ့ကြောင်း သိရပါတယ်။
ဘီလ်ဘာအိုအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။









