
ရန်ဖြစ်တာမဟုတ်ဘူး၊ တစ်ဖက်သတ် အနိုင်ကျင့်တာ
ရန်ဖြစ်တာမဟုတ်ဘူး၊ တစ်ဖက်သတ် အနိုင်ကျင့်တာ” လို့ UFC နပန်းသမားဟောင်း Matt Brown က Quinton “Rampage” Jackson ရဲ့သား Raja Jackson ရဲ့ ဖြစ်ရပ်အပေါ် မှတ်ချက်ပေးခဲ့ပါတယ်။ Raja Jackson ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က Los Angeles မှာ ကျင်းပခဲ့တဲ့ ပရော်ဖက်ရှင်နယ် နပန်းပွဲတစ်ခုမှာ နပန်းသမားတစ်ဦးကို ရုတ်တရက် အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ဒီဖြစ်ရပ်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး၊ လူမှုကွန်ရက်ပေါ်မှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ Raja Jackson ဟာ ပွဲကွင်းထဲကို ရုတ်တရက်ဝင်လာပြီး Syko Stu လို့လူသိများတဲ့ နပန်းသမား Stuart Smith ကို မတင်ပြီး မြေပြင်ပေါ်ကို ပြင်းထန်စွာ ပစ်ချခဲ့ပါတယ်။ Stuart Smith ဟာ သတိလစ်သွားခဲ့ပြီးနောက်မှာလည်း Raja Jackson က ဆက်တိုက်ထိုးနှက်ခဲ့ပါတယ်။
Stuart Smith ကို ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ဦးခေါင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အခုတော့ သတိရလာပြီး စကားပြောနိုင်ပြီလို့ သူ့ရဲ့အစ်ကိုက ပြောပါတယ်။
UFC ရဲ့ နာမည်ကြီး ကစားသမားဟောင်း Matt Brown ဟာ အခုလို ဖြစ်သွားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး အံ့အားသင့်ခဲ့ရပါတယ်။ အမှန်တကယ်တော့ ဒါဟာ ဇာတ်ညွှန်းအရ ဖန်တီးထားတဲ့ လှုပ်ရှားမှုတစ်ခုသာ ဖြစ်သင့်ပေမယ့် Jackson ဟာ အပြင်မှာ တကယ်တမ်းရန်ဖြစ်သလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“Rampage” Jackson ရဲ့သားမဟုတ်ရင် ဘယ်သူမှ သနားမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက “Rampage” ကို ချစ်ကြတယ်။ သူက လူကောင်းတစ်ယောက်ပါ။ သူရဲ့သားဖြစ်နေတော့ ဘာလုပ်ရမှန်းမသိ၊ ဘယ်လိုတွေးရမှန်းမသိ ဖြစ်နေကြတယ်” လို့ Brown က The Fighter vs. The Writer အစီအစဉ်မှာ ပြောပါတယ်။
ဒါ့အပြင် Brown က “တခြားသာမန်လူတစ်ယောက်ဆိုရင်တော့ ‘အဲ့ဒီလူကို လှောင်အိမ်ထဲထည့်ပြီး သော့ကို ပစ်လိုက်’ လို့ ပြောကြမှာပါ။ သူလည်း အဲ့ဒီလိုမျိုးဖြစ်သွားဖို့ များပါတယ်” လို့ ထပ်လောင်းပြောခဲ့ပါတယ်။
Los Angeles ရဲဌာနက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး၊ အစပိုင်းမှာ “လူသတ်ရန် ကြိုးစားမှု” အဖြစ် သတင်းပေးပို့ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ “ပြစ်မှုထင်ရှားတဲ့ ရိုက်နှက်မှု” လို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ တနင်္လာနေ့အထိတော့ ဖမ်းဆီးထားတာ ဒါမှမဟုတ် တရားစွဲဆိုထားတာ မရှိသေးပါဘူး။
Brown ကတော့ Jackson ဟာ ဒီကိစ္စကနေ လွတ်လမ်းမရှိနိုင်ဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ခံရတဲ့လူကတော့ တကယ့်တိုက်ပွဲအတွက် ပြင်ဆင်ထားတာမဟုတ်ဘူးလို့ Brown က ဆိုပါတယ်။
“စုံစမ်းစရာ သိပ်မရှိပါဘူး။ ဗီဒီယိုဖိုင်က အားလုံးကို ရှင်းနေအောင် ပြနေပါတယ်။ ဘာကို ထပ်စုံစမ်းဖို့လိုမှာလဲ။ လူသတ်ရန်ကြိုးစားမှုဆိုတာ ဘာလဲတော့ ကျွန်တော်မသိပေမယ့် သူက လူတစ်ယောက် သတိလစ်အောင် လုပ်ပြီးနောက်မှာလည်း ဆက်တိုက် ထိုးနှက်ခဲ့တာ။ ဒီကိစ္စက ဘယ်အထိ သွားမလဲတော့မသိပေမယ့် ရိုက်နှက်မှု၊ ပြစ်မှုထင်ရှားတဲ့ ရိုက်နှက်မှုတွေတော့ သေချာပေါက်ဖြစ်မှာပါ” လို့ Brown က ပြောပါတယ်။
ဒါ့အပြင် Brown က “သူ့ကို တကယ်တမ်း ရန်ဖြစ်ချင်ရင်လည်း တိုက်လို့ရတာပဲ။ ကျွန်တော်တို့ ဗီဒီယိုကို ကြည့်လိုက်တော့ နပန်းသမားက ပရော်ဖက်ရှင်နယ်စတိုင်နဲ့ ပစ်ချခံရဖို့ ပြင်ဆင်နေတာ။ ဒါပေမဲ့ ဒီကောင်က သူ့ခေါင်းပေါ်ကို တည့်တည့် ပစ်ချခဲ့တာ။ ဒီလူ အသက်ရှင်နေတာ ကံကောင်းတယ်။ ဆေးရုံတင်ထားရတယ်၊ ဒါပေမဲ့ ဒါလောက်နဲ့ ပြီးသွားတာ ကံကောင်းတယ်” လို့ ပြောခဲ့ပါတယ်။
Brown ကတော့ ဒီဖြစ်ရပ်ကို ရန်ပွဲလို့တောင် မသတ်မှတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Stuart Smith ဟာ မြေပြင်ပေါ် ပစ်ချခံရတဲ့အချိန်မှာ ဘာဖြစ်နေမှန်းတောင် မသိခဲ့ဘူး။ အဲ့ဒီနောက်မှာလည်း Jackson က ခုခံနိုင်စွမ်းမရှိတဲ့ သတိလစ်နေတဲ့သူကို ဆက်တိုက် ထိုးနှက်နေတာ ဖြစ်လို့ပါပဲ။






