
ပြီးခဲ့သည့် UFC 322 ပြိုင်ပွဲတွင် အစ္စလာမ်မက္ခချပ် (Islam Makhachev) ပြသခဲ့သည့် စွမ်းဆောင်ရည်အပေါ် လိုက်ဝိတ်တန်း ထိပ်သီးဖိုက်တာ အာမန်ဆာရူကီယန် (Arman Tsarukyan) က အံ့အားသင့်ခဲ့ရပြီး ၎င်း၏ပြိုင်ဘက်ဟောင်းအပေါ် အထင်ကြီးလေးစားမိကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။
ဆာရူကီယန်သည် ယခင်က မက္ခချပ်နှင့် လိုက်ဝိတ်တန်း (၁၅၅ ပေါင်) ချန်ပီယံလုပွဲ ထိုးသတ်ရန် စီစဉ်ထားခဲ့သော်လည်း လွဲချော်ခဲ့ရသူဖြစ်ပါတယ်။ ယခုအခါ မက္ခချပ်သည် UFC 322 ပြိုင်ပွဲတွင် Jack Della Maddalena ကို အသာစီးဖြင့် အနိုင်ယူကာ ဝယ်လ်တာဝိတ်တန်း (၁၇၀ ပေါင်) ချန်ပီယံဆုကိုပါ ရယူသွားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
မက်ဒီဆင်စကွဲဂါးဒန်းတွင် ပြုလုပ်ခဲ့သော အဆိုပါပွဲစဉ်နှင့် ပတ်သက်၍ ဆာရူကီယန်က မက္ခချပ်၏ ခြေစွမ်းမှာ အံ့မခန်းဖြစ်ပြီး ၁၅၅ ပေါင်တန်းတွင်ဖြစ်စေ၊ ၁၇၀ ပေါင်တန်းတွင်ဖြစ်စေ မက္ခချပ်ကို အနိုင်ယူရန်မှာ မည်သည့်ကစားသမားအတွက်မဆို အလွန်ခက်ခဲမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
လက်ရှိတွင် ဆာရူကီယန်သည် လာမည့်စနေနေ့တွင် ဒိုဟာမြို၌ ကျင်းပမည့် UFC Qatar ပြိုင်ပွဲ၏ ခေါင်ပွဲ (Main Event) အဖြစ် ဒန်ဟွတ်ကာ (Dan Hooker) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ ဤပွဲသည် ဆာရူကီယန်အတွက် ၁၅၅ ပေါင်တန်း ချန်ပီယံလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် အလွန်အရေးပါသော ပွဲစဉ်တစ်ပွဲဖြစ်ပြီး နိုင်ပွဲရယူနိုင်ရန် ပြင်းပြင်းထန်ထန် ပြင်ဆင်ထားလျက်ရှိပါတယ်။






