
အေစီမီလန်နည်းပြ အယ်လီဂရီက အသင်းကို အရင်လိုအောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးမယ်လို့ အသင်းပရိသတ်တွေကို ကတိပေးပြောကြားခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် (၈) နေရာသာ ရရှိခဲ့တာကြောင့် လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်တာပါ။
ဒါကြောင့် အေစီမီလန်အသင်းတာဝန်ရှိသူတွေဟာ အသင်းနည်းပြ ကွန်ဆေးဆာအိုကို ရာထူးကနေ ထုတ်ပယ်ပြီး အသင်းနည်းပြဟောင်းတစ်ဦးဖြစ်တဲ့ အယ်လီဂရီကို (၂) နှစ်စာချုပ်နဲ့ အသင်းနည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့တာပါ။
အယ်လီဂရီဟာ အေစီမီလန်အသင်းကို ပထမအကြိမ်အဖြစ် ၂၀၁၀ ဇွန်လကနေ ၂၀၁၄ ဇန်နဝါရီလအထိ (၃) နှစ်ခွဲကိုင်တွယ်ခဲ့ဖူးပြီး စီးရီးအေချန်ပီယံနဲ့ ကိုပါအီတလီယာဖလားတွေကို ရယူပေးနိုင်ခဲ့တာပါ။
အခု အယ်လီဂရီက သူ့အနေနဲ့ အေစီမီလန်အသင်းကို အရင်လိုအောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးမယ်လို့ ကတိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။
အယ်လီဂရီက “ကျွန်တော် လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်က အေစီမီလန်အသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ အခုတော့ အခြေအနေတွေက တော်တော်လေးပြောင်းလဲသွားပါပြီ။ အေစီမီလန်အသင်းပဲ ပြောင်းလဲတာ မဟုတ်ပါဘူး။ ကမ္ဘာဘောလုံးလောကတစ်ခုလုံး ပြောင်းလဲသွားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အရင်တုန်းကနဲ့ အတူတူပါပဲ။ အေစီမီလန်အသင်းကို အရင်လိုအောင်မြင်မှုတွေ ရရှိအောင် လုပ်ပေးသွားမှာပါ။ ပထမဆုံးအနေနဲ့ အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လိုပါတယ်”လို့ ပြောကြားခဲ့တာပါ။
အေစီမီလန်အသင်းဟာ အခုနွေမှာ ရီးယဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့တဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်၊ တိုရီနိုကွင်းလယ်ကစားသမား ရစ်ချီနဲ့ ဖီအိုရင်တီးနားဂိုးသမား တာရာစီယာနိုတို့ကို ခေါ်ယူထားပါတယ်။









