
လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာဟာ
အက်စတွန်ဗီလာကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ
အဖွင့်ဂိုးသွင်းယူပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၂၅၀ ပြည့်မြောက်ခဲ့ပါတယ်။
ဆာလာဟာ အသင်းသမိုင်းမှာ ဒီမှတ်တိုင်ကို
ရောက်ရှိတဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းမှာ ဆာလာထက် ဂိုးပိုသွင်းထားသူနှစ်ဦးအဖြစ် အီယန်ရပ်ရှ်က ၃၄၆ ဂိုးနဲ့ ရော်ဂျာဟန့်က ၂၈၅ ဂိုး သွင်းယူထားခဲ့တာဖြစ်တယ်။
၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာတဲ့ ဆာလာရဲ့ ဂိုး ၂၅၀ မှာ ပရီးမီးယားလိဂ် ၁၈၈ ဂိုး၊ ချန်ပီယံလိဂ် ၄၆ ဂိုး၊
ယူရိုပါလိဂ် ၅ ဂိုး၊ FA Cup ၆ ဂိုး၊ လိဂ်ဖလား ၄ ဂိုးနဲ့ ကွန်မြူနတီဒိုင်း ၁ ဂိုး ရှိခဲ့ပါတယ်။
၎င်းဟာ ပရီးမီးယားလိဂ် သွင်းဂိုးနဲ့ ဖန်တီးမှုနှစ်ရပ်ပေါင်း ၂၇၆ ဂိုး(၁၈၈ ဂိုးသွင်း၊ ၈၈ ဂိုးဖန်တီး)ရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ကလပ်တစ်သင်းတည်းအတွက် အများဆုံးဖြစ်တဲ့ ရွန်နီရဲ့မှတ်တမ်းနဲ့ တူညီခဲ့ပါတယ်။
အခုရာသီ ပြိုင်ပွဲစုံမှာတော့ ၁၄ ပွဲကစားထားကာ
၅ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးထားပါတယ်။









