
လီဗာပူးလ်အသင်းရဲ့ နယ်သာလန်ညာနောက်ခံလူ ဖရင်ပေါင်ဟာ တံကောက်ကြောဒဏ်ရာကြောင့် (၆)ပတ်ကြာ အနားယူရမယ်လို သိရပါတယ်။
ဖရင်ပေါင်ဟာ ဖရန့်ဖတ်အသင်းကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒီဇင်ဘာလလယ်မှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
ဒီနှစ် နွေရာသီမှာ လေဗာကူဆင်ကနေ လီဗာပူးလ်အသင်းကို ယူရို(၃၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဖရင်ပေါင်ဟာ ရာသီအစပိုင်းမှာလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခုဒဏ်ရာက ဒုတိယအကြိမ်ဖြစ်ပါတယ်။
ဖရင်ပေါင်ဟာ ဒဏ်ရာပြဿနာကြောင့် လီဗာပူးလ်အသင်းရဲ့ပွဲစဉ် (၁၀)ပွဲလောက်အထိ လွဲချော်ဖွယ်ရှိနေပြီး ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးတိုနဲ့ ရင်ဆိုင်ရမယ့်ပွဲတွေကိုတော့ သေချာပေါက်လွဲချော်ရတော့မှာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေကို ရပ်တန့်နိုင်ဖို ကြိုးပမ်းနေရပေမဲ့ နိုဝင်ဘာလအတွင်း ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်ရဖို ရှိနေကြောင်းလည်း သိရပါတယ်။









