
ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူကနေ မိန်နူး ထွက်ခွာဖွယ်ရှိတယ်လို့ ဖီးလ်ဂျုံးစ် သုံးသပ်
မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖီးလ်ဂျုံးစ်က အင်္ဂလန်ကွင်းလယ်ကစားသမား မိန်နူးဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူအသင်းကနေ ထွက်ခွာဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။
မိန်နူး(၂၀ နှစ်)ဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမဲ့ အသင်းမှာ အနာဂတ်မရေမရာဖြစ်နေပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အငှားနဲ့ ကမ်းလှမ်းမှုတွေကို မန်ယူအသင်းက ငြင်းဆန်ခဲ့ပေမဲ့ ကစားသမားသစ်ခေါ်ယူရာမှာ မိန်နူူးကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
မန်ယူအသင်းက ရီးယဲလ်ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေရာမှာ ပေါင်(၄၄)သန်းနဲ့ မိန်နူးကို အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။
”အချိန်က စကားပြောမှာပါ။ သူက အသင်းမှာ ပွဲကစားချိန်များများစားစားမရဘူးဆိုရင် အငှားနဲ့ ထွက်ကစားဖို့ ကြိုးစားမှာ သေချာပါတယ်” လို့ ဖီးလ်ဂျုံးစ်က ပြောကြားခဲ့ပါတယ်။









