
ဂရင့်ဇ်ဘီအသင်းရဲ့နည်းပြ ဒေ့ဗ်အာတဲလ်က လိဂ်ဖလားပြိုင်ပွဲမှာ မန်ယူနဲ့ပွဲကို အိိမ်ကွင်းကစားခွင့်ရတာဟာ ပရိသတ်တွေနဲ့ ကလပ်အသင်းအတွက် ထိုက်တန်တဲ့ ဆုလာဘ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန် League Two ကလပ် ဂရင့်ဇ်ဘီအသင်းဟာ လိဂ်ဖလား ဒုတိယအဆင့်ကို တက်ရောက်လာနိုင်ခဲ့ပြီး မန်ယူအသင်းနဲ့ ဒီည ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။
ဂရင့်ဇ်ဘီအသင်းဟာ ၁၉၄၈ ခုနှစ်တုန်းက အင်္ဂလန်ပထမတန်းပြိုင်ပွဲမှာ မန်ယူအသင်းနဲ့ နောက်ဆုံးဆုံတွေ့ခဲ့ဖူးပြီး အခုမှ ပြန်လည်ဆုံတွေ့ ခွင့်ရတာပါ။
” ဒီပွဲက ကလပ်အသင်းအတွက်ရော ဒီမြို့နဲ့ ပရိသတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာပွဲစဉ်ပါ။ ဒီနိုင်ငံရဲ့ အကောင်းဆုံးတွေထဲက တစ်သင်းနဲ့ ရင်ဆိုင်အစမ်းသပ်ခံရမှာက ကျွန်တော်တို့အတွက် ကောင်းမွန်ပါတယ်။ ဒီလိုအသင်းနဲ့ ဆုံတွေ့ရတာ ကျွန်တော်တို့အတွက် ထိုက်တန်တဲ့ ဆုလာဘ်ပါ။ ဒါက ပထမအဆင့်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့်တင်မဟုတ်ပါဘူး။ ရာသီအဖွင့်(၃)ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့တာကြောင့်လည်း ဖြစ်ပါတယ်” လို့ ဒေ့ဗ်အာတဲလ်က ပြောကြားခဲ့ပါတယ်။
ဂရင့်ဇ်ဘီအသင်းဟာ အင်္ဂလန်ပထမတန်းခေတ်မှာ မန်ယူနဲ့ ဆုံတွေ့ခဲ့တုန်းက အိမ်ကွင်း(၆)ပွဲစလုံး ရှုံးပွဲမရှိကစားနိုင်ခဲ့ကြောင်း သိရပါတယ်။









