
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်က အာဆင်နယ်ဝတ်စုံနဲ့ ဂိုးသွင်းဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းက ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကို စနေနေ့က ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယိုကယ်ရက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ Add-ons ကြေး ပေါင်(၈.၇)သန်း ပေးချေရမယ်လို့ သိရပါတယ်။
ယိုကယ်ရက်စ်(၂၇ နှစ်)ဟာ အာဆင်နယ်အသင်းမှာ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၄)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ ယိုကယ်ရက်စ်က ”ကျွန်တော်က အမြဲတမ်းဂိုးသွင်းချင်တဲ့သူပါ။ အာဆင်နယ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့နောက် ပရိသတ်တွေအားလုံးရှေ့မှာ အသင်းရဲ့ဝတ်စုံ ဝတ်ဆင်ပြီး ဂိုးသွင်းဖို့ ကျွန်တော် မစောင့်နိုင်အောင် ဖြစ်နေပါပြီ။ အဲဒါက တကယ်အံ့အားသင့်စရာကောင်းတဲ့ ခံစားမှုဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ယိုကယ်ရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ နှစ်ရာသီအတွင်း (၁၀၂)ပွဲကစားပြီး (၉၇)ဂိုးသွင်းယူခဲ့သူပါ။









