
မန်ယူကနေ ဘာစီလိုနာအသင်းကို အငှားနဲ့ပြောင်းရွှေ့ကစားမယ့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ်(၁၉) ဝတ်ဆင်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးခြင်းခံနေရပါတယ်။
လက်ရှိဘာစီလိုနာအသင်းမှာ တိုက်စစ်ကစားသမားတွေအတွက် လစ်လပ်နေတဲ့ ကျောနံပါတ်က (၁၄)၊ (၁၉)နဲ့ (၂၂) သုံးမျိုးရှိတဲ့အနက် ရပ်ရှ်ဖို့ဒ်အနေနဲ့ (၁၄)နဲ့ (၁၉) တစ်ခုခုကို ရွေးချယ်ဖွယ်ရှိတယ်လို့ Daily Mail က သုံးသပ်ခဲ့ပါတယ်။
ESPN ကတော့ ရပ်ရှ်ဖို့ဒ်ဟာ မန်ယူကစားသမားဘဝ အစောပိုင်းကာလမှာ ဝတ်ဆင်ခဲ့တဲ့ နံပါတ်(၁၉)ကိုသာ ရွေးချယ်ဖွယ်ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ၂၀၁၈-၁၉ ရာသီကစပြီး မန်ယူအသင်းမှာ ကျောနံပါတ်(၁၀)ကို တောက်လျှောက်ဝတ်ဆင်ကစားခဲ့ပေမဲ့ ဘာစီလိုနာအသင်းမှာ နံပါတ်(၁၀)ကို ကြယ်ပွင့်ကစားသမား ယမားလ်က ရယူထားပြီဖြစ်တာကြောင့် ကျောနံပါတ်(၁၉) ဝတ်ဆင်ရဖို့ပဲ အလားအလာများနေတာပါ။
ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာမြို့ကို ရောက်ရှိနေပြီဖြစ်ပြီး တစ်ရာသီအငှားစာချုပ်အတွက် လက်မှတ်ရေးထိုးတော့မှာပါ။
ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ်ကို လာမယ့်နွေရာသီမှာ ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူဖို့လည်း သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။









