
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အခုနွေရာသီမှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
ဆိုးလ်မြို့ကို ရာသီကြိုခြေစမ်းခရီးစဥ် ရောက်ရှိနေတဲ့ ဆွန်ဟောင်မင်ဟာ နည်းပြ သောမတ်စ်ဖရန့်ခ်နဲ့အတူ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာချိန် အခုလို ကြေညာခဲ့တာဖြစ်တယ်။
ဆွန်ဟောင်မင် (၃၃ နှစ်)ဟာ ၂၀၁၅ ခုနှစ် သြဂုတ်လမှာ စပါးအသင်းကို ရောက်လာခဲ့ပြီး ၁၀ နှစ်ကြာ ကစားသမားဘဝကို ယူရိုပါလိဂ် အောင်မြင်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ပြိုင်ပွဲစုံ ၄၅၄ ပွဲကစားကာ ၁၇၃ ဂိုး သွင်းယူခဲ့ပြီး အသင်းသမိုင်းမှာ ပွဲ ၄၅၀အထက်ကစားတဲ့ ခုနစ်ဦးမြောက်နဲ့ ဂိုးအများဆုံးစာရင်းမှာ ပဥ္သမအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
၎င်းဟာ စပါးအသင်းနဲ့အတူ မေဂျာဖလားရတဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။
စပါးအသင်းဟာ တနင်္ဂနွေနေ့မှာ ကိုရီးယားခရီးစဥ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဥ်ပြိုင်ကစားမှာဖြစ်ပါတယ်။









