
မန်စီးတီးဂိုးသမားသစ် ဂျိမ်းစ်ထရက်ဖို့ဒ်က အသင်းကို ပြန်လာဖို့ ဆုံးဖြတ်ရတာဟာ အရမ်းကိုလွယ်ကူတယ်လို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အသင်းအကယ်ဒမီထွက်ဂိုးသမားဖြစ်သူ ဂျိမ်းစ်ထရက်ဖို့ဒ်ကို ဘန်လေအသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် (၂၇) သန်းအပါအဝင် Add-ons ကြေးတွေကို ထည့်တွက်မယ်ဆိုရင် ပေါင် (၃၁) သန်းအထိ ရှိလာနိုင်တဲ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အသက် (၂၂) နှစ်အရွယ် အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ မန်စီးတီးအကယ်ဒမီထွက်ဖြစ်ပြီး မန်စီးတီးအသင်းမှာ နေရာမရတာကြောင့် ၂၀၂၃ နွေရာသီမှာ ဘန်လေအသင်းဆီ ပေါင် (၁၅) သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဘန်လေအသင်းမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းက buy-back clause နဲ့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်က “မန်စီးတီးအသင်းကို ပြန်လာဖို့ ဆုံးဖြတ်ရတာ အရမ်းလွယ်ကူပါတယ်။ မန်စီးတီးအသင်းမှာ ဂိုးသမားအဖြစ် ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့ အမြဲတမ်းအိပ်မက်ပါ။ ဒီကလပ်အသင်းကို ပြန်လာတာ အိမ်ရောက်လာသလို ခံစားရပါတယ်။ အသက် (၁၂) နှစ်မှာပဲ မန်စီးတီးမှာ ကျွန်တော် ကစားခဲ့ပြီး အခု အသင်းကို ပြန်ရောက်လာပါပြီ။ မန်စီးတီးအသင်းကို တစ်နေ့ ပြန်မယ်လို့ ကျွန်တော် အမြဲတမ်းစဉ်းစားနေခဲ့တာပါ။ ကျွန်တော့်အလုပ်က ရိုးရှင်းပါတယ်။ ဂိုးမပေးရအောင် ကာကွယ်ဖို့ပါပဲ။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ မန်စီးတီးအသင်းမှာ ကျောနံပါတ် (၁) ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး အခုနွေမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေတဲ့ မန်စီးတီးရဲ့ အဓိကဂိုးသမား အီဒါဆန်ရဲ့နေရာကို အစားဝင်ဖွယ်ရှိတယ်လို့ သိရပါတယ်။









