
တနင်္ဂနွေနေ့က ဟန်ဂေရီအသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အိုင်ယာလန်အသင်းအတွက် ဟက်ထရစ်သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ပါရော့က ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ယှဉ်ပြိုင်ခွင့်ရရှိတာဟာ သူတိုအတွက် နတ်သမီးပုံပြင်လိုပဲလို ပြောကြားခဲ့ပါတယ်။
အိုင်ယာလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်အုပ်စု(F)မှာ ပေါ်တူဂီ၊ ဟန်ဂေရီ၊ အာမေးနီးယားတိုနဲ့အတူ ကျရောက်ခဲ့ပြီး (၂)ပွဲအလိုမှာ ရမှတ်(၄)မှတ်သာ ရရှိထားခဲ့ပေမဲ့ (၂)ပွဲစလုံးအနိုင်ယူပြီး Play-offs ဝင်ခွင့်ရခဲ့တာပါ။
အဲဒီနှစ်ပွဲမှာ အိုင်ယာလန်က ပေါ်တူဂီကို (၂-၀)ဂိုး၊ ဟန်ဂေရီကို (၃-၂)ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အိုင်ယာလန်အသင်းရဲ့ (၅)ဂိုးစလုံးကို ပါရော့ တစ်ဦးတည်းက သွင်းယူခဲ့တာပါ။
ဒါကြောင့် ဟန်ဂေရီနဲ့ပွဲအပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပါရော့က မျက်ရည်တွေနဲ့ ဖြေကြားခဲ့သလို၊ ဒါဟာ ဝမ်းသာလို ကျတဲ့မျက်ရည်တွေဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
” ကျွန်တော် တကယ့်ကို မယုံနိုင်အောင်ပါပဲ။ ဒီလိုမျိုးအရာတွေ ဖြစ်နိုင်တာကြောင့်လည်း ကျွန်တော်တို ဘောလုံးကို ချစ်ကြတာပါ။ နှစ်ပေါင်းများစွာအတွင်း ကျွန်တော် ပထမဆုံး ငိုမိတာပါ။ အားလုံးလည်း ငိုနေကြပါတယ်။ ဒါဟာ နတ်သမီးပုံပြင်တစ်ပုဒ်ပါပဲ။ ကျွန်တော်တို အိပ်မက်တောင် မမက်နိုင်ခဲ့တဲ့အရာပါ။ လူတိုင်းက ကျွန်တော်တိုကို အုပ်စုကထွက်ရမယ်လို သတ်မှတ်ခဲ့ကြမယ် ထင်ပါတယ်” လို ပါရော့က ပြောကြားခဲ့ပါတယ်။
အိုင်ယာလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရဖို Play-offs ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘယ်အသင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ နိုဝင်ဘာ(၂၀)မှာ မဲခွဲပွဲပြုလုပ်မှာပါ။
အယ်လ်ခမာအသင်းမှာ ကစားနေတဲ့ ပါရော့ဟာ အဝေးကွင်းမှာ အိုင်ယာလန်အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။









