
ဗီလာနဲ့ပွဲမှာ ဂိုးတိုင်နဲ့ တိုက်မိခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းကို အနားမပေးရဖို့ မျှော်လင့်ကြောင်း ဂွါဒီယိုလာ ပြောကြား
မန်စီးတီးအသင်းရဲ့နည်းပြ ဂွါဒီယိုလာက အက်စတွန်ဗီလာနဲ့ပွဲမှာ ဂိုးတိုင်နဲဲ့ တိုက်မိခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းကို အနားမပေးရဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်စီးတီးက အက်စတွန်ဗီလာကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပွဲပြီးခါနီးမှာ ဟာလန်းဟာ အိုမာမာမွတ်ရှ်ရဲ့ ပေးပို့မှုကို ပိတ်သွင်းရာမှာ ဂိုးတိုင်နဲ့ ဝင်တိုက်မိခဲ့တာပါ။
ဟာလန်းရဲ့ ပိတ်သွင်းမှုက ဂိုးဝင်သွားခဲ့ပေမဲ့ လူကျွံဘောဖြစ်နေခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ဟာလန်းအနေနဲ့ ကလပ်နဲ့လက်ရွေးစင်အသင်းအတွက် (၁၂)ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့စံချိန်လည်း ရပ်တန့်သွားခဲ့ရပါတယ်။
ပွဲအပြီးမှာ ဟာလန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဂွါဒီယိုလာက ဘယ်ပွဲကိုမှ မလွဲချော်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပေမဲ့ ဆွမ်ဆီးနဲ့ ယှဉ်ပြိုင်ရမယ့် လိဂ်ဖလားပွဲမှာတော့ အနားပေးဖွယ်ရှိကြောင်း မီဒီယာတွေက သုံးသပ်နေကြပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်တဲ့ မေးမြန်းမှုကိုတော့ ”ကျွန်တော်တို့ရဲ့အလုပ်က ချန်ပီယံဆုကို စောင့်ကြည့်ဖို့ မဟုတ်ပါဘူး။ သူတို့ ပွဲတိုင်းနိုင်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုရသွားရင် သူတို့ကို ဂုဏ်ပြုမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ချက်ရှိနေပါသေးတယ်။ အမှတ်ကွာဟမှု လျော့ကျအောင် ကြိုးစားရမှာပါ” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။









