
၂၀၂၄-၂၀၂၅ ရာသီအတွက် အင်္ဂလန်အကောင်းဆုံးကစားသမားဆုကို ကွင်းလယ်လူ ဘယ်လင်ဂမ်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
ဒီဆုကို ပရိသတ်တွေက မဲပေးရွေးချယ်ခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ရာသီအတွင်း အင်္ဂလန်ကစားသမားများအနက် စွမ်းဆောင်ရည်အကောင်းဆုံးကစားသမားကို ရွေးချယ်တာပါ။
ဘယ်လင်ဂမ် (၂၂ နှစ်)ဟာ ဒီကာလအတွင်း အင်္ဂလန်အသင်းအတွက် ရှစ်ပွဲပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ဂရိအသင်းကို အိမ်ကွင်းမှာ ရှုးနိမ့်တဲ့ UEFA Nations League ပွဲစဉ်မှာ ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို နိုဝင်ဘာလအတွင်း အိုင်ယာလန်အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာလည်း ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီး အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။
အဲဒီနောက် ဒီနှစ် မတ်လအတွင်း အယ်လ်ဘေးနီးယားအသင်းကို အိမ်ကွင်းမှာ အနိုင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂိုးဖန်တီးမှုတစ်ကြိမ် ထပ်မံပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ဘယ်လင်ဂမ်အနေနဲ့ ၂၀၂၄- ၂၀၂၅ ရာသီ အင်္ဂလန်အကောင်းဆုံးကစားသမားဆုအတွက် မဲအများဆုံးရရှိခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ဒုတိယနဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက တတိယရရှိခဲ့ပါတယ်။
ရီးယဲလ်အသင်းကစားသမားဖြစ်သူ ဘယ်လင်ဂမ်အနေနဲ့ ဒီဆုကို အင်္ဂလန် မဟုတ်တဲ့ ကလပ်မှာ ကစားနေသူများအနက် ဒုတိယမြောက်ရရှိသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘယ်လင်ဂမ်မတိုင်ခင် ပထမဆုံးရရှိခဲ့သူကတော့ ၂၀၀၆ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားရင်း ရရှိခဲ့တဲ့ ကွင်းလယ်လူ အိုဝင်ဟားဂရေ့ဗ်စ်က ဖြစ်ပါတယ်။
အင်္ဂလန်အကောင်းဆုံးကစားသမားဆုကို ၂၀၀၃ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး အသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက အကြိမ်အများဆုံးအဖြစ် ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာ လေးကြိမ်ဆွတ်ခူးရရှိခဲ့တာပါ။









