
ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားခွင့်ရချင်တယ်လို့ မာတင်နယ်လီ ပြောကြား
အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီက အရန်ကစားသမားအဖြစ် ရပ်တည်လိုခြင်းမရှိဘဲ ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားခွင့်ရချင်တယ်လို့ မန်စီးတီးနဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
မာတင်နယ်လီဟာ မန်စီးတီးအသင်းနဲ့ (၁-၁)ဂိုး သရေကျတဲ့ပွဲမှာ ပွဲချိန်မိနစ်(၈၀)ရောက်မှ လူစားဝင်ကစားခွင့်ရခဲ့ပြီး (၉၀+၃)မိနစ်မှာ အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။
မာတင်နယ်လီဟာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပေမဲ့ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့ပါတယ်။
”ပွဲထွက်စာရင်းမှာ ကျွန်တော် မပါခဲ့ပါဘူး။ နည်းပြက သူ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။ ကျွန်တော်ကတော့ အကောင်းဆုံးလုပ်ဆောင်ပြီး အသင်းကို ကူညီဖို့ပါပဲ။ ဒါပေမဲ့ ကျွန်တော် အရန်ခုံမှာ မရှိချင်ပါဘူး။ ပွဲတိုင်းမှာ မိနစ်(၉၀)စလုံး ကစားချင်တာပါ။ ဒါပေမဲ့ သူ(အာတေတာ)က အကြီးအကဲဖြစ်ပြီး သူ့ကို အားလုံး ယုံကြည်ကြပါတယ်။ သူနဲ့အတူ ကျွန်တော်တို့ တကယ်ပျော်ရွှင်ပါတယ်” လို့ မာတင်နယ်လီက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတေတာကတော့ မာတင်နယ်လီရဲ့ အဆုံးသတ်ဂိုးသွင်းပုံကို မယုံနိုင်အောင် ဖြစ်ခဲ့ရကြောင်း ချီးကျူးခဲ့ပါတယ်။









