
ဝက်စ်ဟမ်း နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)
လန်ဒန်ဒါဘီပွဲစဉ်ဖြစ်ပြီး နှစ်သင်းစလုံး ရာသီအဖွင့်ပွဲမှာ နိုင်ပွဲမရခဲ့ကြဘူး။ ချယ်လ်ဆီးအသင်းက ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ အသာစီးနဲ့ကစားနိုင်ခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့တယ်။ ဝက်စ်ဟမ်းအသင်းကတော့ တန်းတက်ဆန်းဒါးလန်းအသင်းကို အဝေးကွင်းမှာ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ နည်းပြ ဂရေဟမ်ပေါ်တာအတွက် ဖိအားများသွားပြီလို့ ဆိုရမယ်။ London Stadium မှာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ပိုင်းက အားရစရာသိပ်မရှိဘဲ နောက်ဆုံး ၁၀ ပွဲတွေ့ဆုံမှုမှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေ၊ ငါးပွဲရှုံးနိမ့်ထားပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ဂျက်ဆန်၊ ပါလ်မာတို့ရဲ့ဂိုးတွေနဲ့ သုံးဂိုးပြတ် အနိုင်ရထားတယ်။ ဝက်စ်ဟမ်းအသင်း အိမ်ကွင်းဖြစ်ပေမဲ့ လက်ရှိခြေစွမ်းအရ ချယ်လ်ဆီးအသင်းပဲ နိုင်ပွဲစရဖို့ရှိတယ်။ ဂိုးလည်းများနိုင်တယ်။
ဘိုင်ယန်မြူးနစ် နှင့် လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် စနေနံနက် ၁းဝ၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဒီနွေရာသီမှာ လူးဝစ်ဒီယက်ဇ်တစ်ဦးတည်းအတွက်ပဲ ငွေကြေးသုံးစွဲထားပြီး ဂျိုနသန်တာနဲ့ ဘစ်ရှော့ဖ်တို့ကို အလွတ်ခေါ်ယူထားတာဖြစ်တယ်။ ဒါပေမဲ့ မူလာ၊ ဆာနေး၊ ဒိုင်ယာ၊ ပယ်လင်ညာ၊ ကိုးမန်း၊ မာသီတဲလ်တို့လို ကစားသမားတွေကို ထွက်ခွာခွင့်ပြုထားတာကြောင့် ပြီးခဲ့တဲ့ရာသီက ပုံစံကောင်းကို ဆက်ထိန်းထားနိုင်မလား စောင့်ကြည့်ရမယ်။ ရာသီကြို စူပါဖလားပြိုင်ပွဲမှာတော့ စတုဂတ်အသင်းကို အနိုင်ယူပြီး ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံဆုရရှိထားတယ်။ လိုက်ပ်ဇစ်အသင်းကတော့ ဥရောပပြိုင်ပွဲဝင်ခွင့် လွဲချော်ခဲ့ရလို့ ပြင်ဆင်မှုကြီးကြီးမားမား ပြုလုပ်ထားတယ်။ ဒါပေမဲ့ အခုကစားရမှာက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းဖြစ်လို့ အိမ်ရှင်အသင်း နှစ်ဂိုးပြတ်လောက် အနိုင်ရဖို့ရှိတယ်။
PSG နှင့် အန်ဂါစ် (မြန်မာစံတော်ချိန် စနေနံနက် ၁း၁၅ နာရီ)
အန်ဂါစ်အသင်းက အဖွင့်ပွဲစဉ်မှာ တန်းတက်ကလပ် Paris FC ကို အနိုင်ရခဲ့ပေမဲ့ ပြင်သစ်လိဂ်ရဲ့ အားအနည်းဆုံးအသင်းတွေထဲမှာ ပါဝင်ပါတယ်။ PSG နဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ပွဲ(၂၀)မှာလည်း တစ်ပွဲသာ သရေကျပြီး (၁၉)ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် PSG ကွင်းမှာ ဘယ်လိုမှ ယှဉ်နိုင်မှာမဟုတ်ပါဘူး။ အဖွင့်ပွဲမှာ တစ်ဂိုးတည်းသွင်းနိုင်ခဲ့တဲ့ PSG အသင်း ဒီပွဲမှာ ဂိုးမိုးရွာနိုင်ပါတယ်။
ဘက်တစ် နှင့် အလာဗတ်စ် (မြန်မာစံတော်ချိန် စနေနံနက် ၂းဝ၀ နာရီ)
ရာသီအဖွင့်ပွဲမှာ ဘက်တစ်က တန်းတက်ကလပ်ကို သရေသာ ကစားနိုင်ခဲ့ပြီး အလာဗတ်စ်ကတော့ လီဗန်တေးကို အနိုင်ရခဲ့ပါတယ်။ ဘက်တစ် အိမ်ကွင်းမှာ နိုင်ပွဲယူရမယ့်ပွဲ ဆိုပေမဲ့ အခုနောက်ပိုင်းမှာ အလာဗတ်စ်က ဘက်တစ်ကို တွေ့တိုင်း ဒုက္ခပေးနေပါတယ်။ သရေကျသွားနိုင်ပါတယ်။









