
အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာက ရာသီသစ်အတွက် ယုံကြည်မှုကြီးကြီးမားမားရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အာတီတာက အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီတွေမှာ ဆုဖလားရရှိဖို့ အလွန်နီးစပ်တဲ့အခြေအနေကို ရောက်ရှိခဲ့ပြီး ဒီရာသီမှာ ကစားသမားသစ်တွေ ထပ်မံအားဖြည့်နိုင်ခဲ့တာကြောင့် ယုံကြည်မှုရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
” ရောက်ရှိလာတဲ့ ကစားသမားသစ်အားလုံးက အသင်းကို အရည်အသွေးပိုမြင့်ပြီး ပိုတောင့်တင်းသွားစေခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ဘာတွေကို ပစ်မှတ်ထားနေလဲဆိုတာနဲ့ ဘာတွေကို ရယူချင်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းရည်က အဲဒါတွေကို ရယူနိုင်တယ်လို့ ယုံကြည်မှုကြီးကြီးမားမားရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေအတွင်းမှာ အလွန့်အလွန်နီးစပ်တဲ့အခြေအနေရှိခဲ့ပြီး တစ်သင်းလုံးက ဒါတွေကို ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် (၆)ဦး ခေါ်ယူအားဖြည့်ထားသလို၊ နောက်ထပ် ခေါ်ယူဖို့လည်း စီစဉ်နေပါတယ်။
ရာသီကြိုခြေစမ်းပွဲ(၃)ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာတော့ (၂)ပွဲနိုင်၊ (၁)ပွဲရှုံးခဲ့ပြီး ဒီညမှာ ဗီလာရီးယဲလ်၊ သြဂုတ်(၉)မှာ ဘီလ်ဘာအိုအသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်သွားမှာပါ။









