
Steven Erceg ဟာ UFC Vegas 109 ရဲ့တွဲဖက် အဓိကပွဲစဉ်မှာ Ode Osbourne ကို အမှတ်နဲ့ အနိုင်ရရှိပြီး တစ်နှစ်ကျော်ကြာပြီးနောက်မှာ အနိုင်လမ်းကြောင်းပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။
ဒီပွဲက Erceg အတွက်တော့ လွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူး။ ပွဲအစပထမအချီမှာပဲ Osbourne ရဲ့ ပြင်းထန်တဲ့ ညာလက်သီးချက်ကြောင့် လဲကျသွားခဲ့ရတာပါ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ Erceg ဟာ ပြန်ပြီးကစားနိုင်ခဲ့သလို မြေပြင်ပေါ်မှာ ဖမ်းချုပ်ပြီး Osbourne ရဲ့ မြန်နှုန်းနဲ့အားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဒိုင်သုံးဦးစလုံးက အမှတ် ၂၉-၂၈ နဲ့ Erceg ကို အနိုင်ပေးခဲ့တာကြောင့် ၎င်းရဲ့သုံးပွဲဆက်တိုက်ရှုံးပွဲကို ရပ်တန့်နိုင်ခဲ့ပါတယ်။
“ဒုတိယအချီမှာ သူ့ရဲ့နောက်ကျောကို ကျွန်တော်ရခဲ့တယ်။ ထိုးတာကလည်း သိပ်အကွာကြီးမဟုတ်ဘူး” လို့ Erceg က ပြောပါတယ်။ “ကျွန်တော်ဘယ်လောက်သန်မာတယ်ဆိုတာ ပြချင်ခဲ့တယ်။ သူ့ရဲ့ပေါက်ကွဲအားကို ကျွန်တော်သိပါတယ်။ ရိုးရိုးသားသားပြောရရင် သူ့ကို မြေပြင်ပေါ်ကို ပိုလွယ်လွယ်ကူကူ ဆွဲချနိုင်မယ်လို့ ထင်ခဲ့တာ” လို့လည်း Erceg က ဆိုပါတယ်။
Osbourne ဟာ ပွဲအစပိုင်းကတည်းက သူ့ရဲ့မြန်နှုန်းနဲ့ အားကို ပြသခဲ့ပြီး Erceg ရှေ့တက်လာတိုင်း အချိန်ကိုက် ညာလက်သီးချက်တွေနဲ့ တန်ပြန်ထိုးနှက်နိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ပွဲအလယ်ပိုင်းမှာ Erceg ဟာ Osbourne ရဲ့ check hook ကို ထိခဲ့ပြီး ခနအီသွားကာ လဲကျခဲ့ရတာပါ။ အဲဒီအချိန်မှာမှ Erceg ဟာ တိုက်ပွဲမှာ ဆက်ရှိနေနိုင်ဖို့ တွန်းလှဲပြီး ဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ Erceg ဟာ Osbourne ရဲ့ နောက်ကျောကို ရခဲ့ပြီး body triangle နဲ့ ချုပ်ထားနိုင်ခဲ့ပေမယ့် Osbourne ကတော့ ရုန်းထွက်နိုင်ခဲ့ပါတယ်။
ဒုတိယအချီမှာတော့ Erceg က တွန်းလှဲဖို့အတွက် အချိန်အကြာကြီး မစောင့်ခဲ့ပါဘူး။ ဒါပေမယ့် Osbourne က ကောင်းကောင်းကာကွယ်နိုင်ခဲ့ပါတယ်။ Osbourne ဟာလည်း လွတ်မြောက်ဖို့နည်းလမ်းကို အဆက်မပြတ်ရှာဖွေနိုင်ခဲ့ပေမယ့် သူ့ရဲ့ထိုးချက်တွေက ပွဲအစပိုင်းလောက်တော့ သွက်လက်မှုမရှိတော့ပါဘူး။
နောက်ဆုံးအချီမှာ Osbourne ဟာ မြန်ပြီးပြင်းထန်တဲ့ ညာလက်သီးချက်နဲ့ ထိုးပြီး Erceg ရဲ့ခေါင်းကို နောက်ပြန်လန်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။ Erceg က ပြန်ထိုးပြီးနောက် အချိန်ယူကာ Osbourne ကို မြေပြင်ပေါ် လဲချနိုင်ခဲ့ပါတယ်။
မြေပြင်ပေါ်ရောက်တော့ Erceg ဟာ mount အနေအထားကနေ နောက်ကျောကို ရောက်အောင်သွားနိုင်ခဲ့ပြီး လက်သီးနဲ့ထိုးတာ၊ submission နဲ့ချုပ်ဖို့ ကြိုးစားတာတွေ လုပ်ခဲ့ပါတယ်။ Osbourne ဟာ ရုန်းထွက်နိုင်ခဲ့ပေမယ့် Erceg ရဲ့ချုပ်ကိုင်မှုကနေတော့ မလွတ်မြောက်ခဲ့တဲ့အတွက် နောက်ထပ်တွန်းလှဲခံရပြန်ပြီးနောက် ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲအစပိုင်းမှာ အခက်အခဲတွေရှိခဲ့ပေမယ့် Erceg ဟာ အနိုင်ရခဲ့ပြီး လေးပွဲဆက်တိုက်ရှုံးမယ့်အရေးကနေလည်း လွတ်မြောက်ခဲ့ပါတယ်။ အခုတော့ Erceg ဟာ စနေနေ့ညက အနိုင်ရလဒ်ပေါ်မှာ ဆက်ပြီးတည်ဆောက်ရင်း အောင်မြင်မှုလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။






