
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက ဇူလိုင်လ ၁၃ ရက်မှာ PSG နဲ့ ယှဉ်ပြိုင်ကစားမယ့် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲက စစ်တုရင်ပွဲတစ်ပွဲလိုပဲလို့ သုံးသပ်ခဲ့ပါတယ်။
”စစ်တုရင်ကစားတာနဲ့ ကြည့်ရတာကို ကျွန်တော် နှစ်သက်ပါတယ်။ ဘောလုံးနဲ့လည်း အတော်ဆင်ပါတယ်။ ရွေ့လျားမှုတိုင်းကို တုံ့ပြန်ရတယ်။ PSG က လက်ရှိအတောင့်တင်းဆုံးဖြစ်ပြီး ပြိုင်ဘက်တိုင်းကို ဖြိုလှဲနိုင်ခဲ့တယ်။
ဒါပေမဲ့ ကျွန်တော်တို့ ကွင်းထဲကို ကိုယ်ပိုင်ပုံစံနဲ့ အနိုင်ရလိုစိတ်ကို ယူဆောင်လာပါလိမ့်မယ်”လို့ မာရက်စကာက ပြောခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက အခုပြိုင်ပွဲမှာ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး ဘောလုံးမှာ အံ့အားသင့်စရာ အမှတ်ရှိနေတယ်လို့လည်း ဆိုပါတယ်။
”ဖလူမင်နိစ်က ချန်ပီယံလိဂ်ဖိုင်နယ်ရောက် အင်တာကို အနိုင်ယူခဲ့တယ်။ အယ်လ်ဟီလာက ရေပန်းအစားဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ မန်စီးတီးကို ဖြုတ်ချခဲ့တယ်။ ဘိုတာဖိုဂိုလည်း PSG ကို နိုင်ခဲ့တယ်။ ဒါက ဘောလုံးကမ္ဘာတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်စေတဲ့အရာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကိုယ်ပိုင်ကစားဟန်ရှိပြီး ဒါက ဗိုလ်လုပွဲမှာ ကျွန်တော်တို့ရဲ့အားသာချက် ဖြစ်လာပါမယ်”လို့ မာရက်စကာက မှတ်ချက်ပြုခဲ့ပါတယ်။
မာရက်စကာက ပြိုင်ဘက် PSG အသင်းကိုလည်း ချီးကျူးစကားဆိုခဲ့ပါသေးတယ်။
”PSG အသင်းနဲ့ သူတို့နည်းပြက ကျွန်တော့်အဖို့သာမက ဘောလုံးကိုချစ်တဲ့သူတွေအတွက် မှီငြမ်းစရာတစ်ခုပါ။ သူတို့ဟာ မယုံနိုင်စရာကောင်းတဲ့ အသင်းတစ်သင်းရှိတယ်လို့ ယုံကြည်ပါတယ်။ သူတို့နည်းပြကလည်း ဂွါဒီယိုလာနဲ့အတူ
လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးဖြစ်နေပါတယ်။ သူတို့က မယုံနိုင်စရာကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ။ ဒါက ခက်ခဲပြီး ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ”လို့ မာရက်စကာက ပြောခဲ့ပါတယ်။









