
ယမားလ် စပိန်လူစာရင်းက နုတ်ထွက်မှုအပေါ် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု မရှိကြောင်း နည်းပြ ပြောကြား
စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက တိုက်စစ်ကစားသမား ယမားလ် စပိန်လူစာရင်းက နုတ်ထွက်မှုအပေါ် ဘာစီလိုနာအသင်းနဲ့ သဘောတူညီမှု မရှိကြောင်း ပြောခဲ့ပါတယ်။
၎င်းဟာ ယမားလ် နုတ်ထွက်ကတည်းက အံ့အား သင့်စရာကောင်းတဲ့ လုပ်ရပ်လို့ ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းအကြား ဆက်ဆံရေးပိုကောင်းရမယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု E မှာ ခြေစစ်ပွဲမအောင်သေးပေမဲ့ လေးပွဲကစား လေးပွဲစလုံး အနိုင်ရပြီး အုပ်စုပထမရဖို့ နီးစပ်နေပါတယ်။
နိုဝင်ဘာလ ၁၅ ရက်(ယနေ့)မှာ ဂျော်ဂျီယာနဲ့ အဝေးကွင်း၊ နိုဝင်ဘာလ ၁၈ ရက်မှာ တူရကီနဲ့ အိမ်ကွင်းပွဲတွေ ကစားရမှာပါ။
စပိန်အသင်းအနေနဲ့ ဂျော်ဂျီယာကို မရှုံးခဲ့ရင် အသင်းသမိုင်းတစ်လျှောက် စံချိန်သစ်ဖြစ်တဲ့ ပွဲ ၃၀ ဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိပါလိမ့်မယ်။









