
ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ နေမာ ဒေါသထွက်
ဆန်းတို့စ်တိုက်စစ်ကစားသမား နေမာဟာ ဖလာမင်ဂိုနဲ့ပွဲမှာ ဝ-၃ ဂိုးနဲ့ ရှုံးနေချိန် လူစားလဲခံရလို့ ဒေါသထွက်ခဲ့ပါတယ်။
၎င်းဟာ တနင်္ဂနွေနေ့ကစားတဲ့ အခုပွဲမှာ ပွဲထွက်ကစားခဲ့ပြီး ၈၅ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
နေမာအနေနဲ့ ကွင်းထဲကထွက်လာချိန် နည်းပြ ဗော်ဗိုဒါရဲ့လူစားလဲမှုကို မေးခွန်းထုတ်ခဲ့ပြီး အရန်ခုံမှာထိုင်ဖို့ ငြင်းဆန်ကာ အဝတ်အစားလဲခန်းထဲ တန်းဝင်သွားခဲ့ပါတယ်။
”နေမာ စိတ်ဆိုးသွားတာ သဘာဝပါပဲ။ တခြားကစားသမားတွေလည်း ဒီလိုပဲ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကို လူစားလဲမရလဲဆိုတာ ကျွန်တော် ဆုံးဖြတ်ရတာပါ။ သူ စိတ်ဆိုးခဲ့ရင်တောင် ဒါဟာ သာမန်ဖြစ်စဉ်ပဲလို့ ကျွန်တော် တွေးပါတယ်။ သူ့အနေနဲ့ လေးစားမှုမရှိတာ မဟုတ်သလို၊ ဘာမှလည်း မဖြစ်ပါဘူး။ ကစားသမားတွေဟာ ဒီလိုအချိန်မှာ အသင်းကိုကူညီဖို့ ကစားချင်ကြတယ်။ ဒါက ကလပ်အဖို့ ခက်ခဲတဲ့အချိန်ပါပဲ”လို့ ဗော်ဗိုဒါက ပြောခဲ့ပါတယ်။
ဆန်းတို့စ်အသင်းဟာ နေမာ ထွက်သွားပြီးမှ နောက်ကျဂိုးနှစ်ဂိုး ပြန်သွင်းခဲ့ပေမဲ့ ၂-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ဆန်းတို့စ်အနေနဲ့ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ အဆင့် ၁၇ နေရာ ရောက်နေပြီး တန်းဆင်းဇုန်ထဲ ရှိနေပါတယ်။









