
ဘရန့်ဖို့ဒ်ကို အရေးနိမ့်တာဟာ အဆိုးရွားဆုံးရလဒ်တွေထဲက တစ်ခုလို့ အာနယ်ဆလော့ ဝန်ခံ
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ဘရန့်ဖို့ဒ်ကို ၂-၃ ဂိုးနဲ့ အရေးနိမ့်တာဟာ အဆိုးရွားဆုံးရလဒ်တွေထဲက တစ်ခုလို့ ဝန်ခံခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် လေးပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်ခြောက်နေရာကို ကျဆင်းခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက အဆိုးရွားဆုံး ပြည်တွင်းရှုံးပွဲဆက်မှုဖြစ်ကာ အသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ယခင် ရှုံးပွဲဆက်အများဆုံး လေးပွဲနဲ့ မှတ်တမ်းတူခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ချိန်က တစ်ရာသီလုံး ရှုံးပွဲအရေအတွက်နဲ့ တူညီခဲ့ပါတယ်။
”စိုးရိမ်စရာအကောင်းဆုံးက လေးကြိမ်ဆက် အရေးနိမ့်နေတာပါပဲ။ ဒါကြောင့် ရလဒ်အပေါ် အမြဲတမ်းအာရုံစိုက်ပါတယ်။ ပြီးရင်တော့ အသင်းစွမ်းဆောင်ရည်ကို အကဲဖြတ်ရမယ်။ ယနေ့မှာ ကျွန်တော့်အယူအဆအရတော့ ကျွန်တော်တို့ လေးပွဲဆက်ရှုံးခဲ့တာ အဆိုးရွားဆုံးပါပဲ။ အခြေခံလုပ်ရမယ့်အရာတွေ
မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ကျွန်တော် ယူဆပါတယ်။ အထူးသဖြင့် ပထမပိုင်းနဲ့ ဒုတိယပိုင်း အစိတ်အပိုင်းတချို့ပေါ့။ သူတို့ duelsနဲ့ second balls တွေမှာ အသာရခဲ့ပါတယ်”လို့ အာနယ်ဆလော့က ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်၊ ချယ်လ်ဆီး၊ မန်ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့ကို လေးပွဲဆက် ရှုံးနိမ့်ထားတာဖြစ်ပါတယ်။









