
ပြီးခဲ့တဲ့ ဆန်းဒါးလန်းနဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံလူငယ်ဂိုးသမား လမ်းမန်းစ်နဲ့ပတ်သက်ပြီး အသင်းဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က မှတ်ချက်ပြုခဲ့ပါတယ်။
ဂိုးသမားပြဿနာကြုံတွေ့နေရတဲ့ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ပြီးဆုံးခါနီးမှာ လမ်းမန်းစ်ကို ပေါင် ၁၈.၂ သန်းနဲ့ ခေါ်ယူခဲ့တာပါ။
လမ်းမန်းစ်(၂၃ နှစ်)ဟာ ပွဲဦးထွက်မှာ ဂိုးပေါက်ကာကွယ်မှု သုံးကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အသင်းကိုလည်း အခုရာသီ ပထမဆုံး Clean Sheet ရလဒ် ရရှိ
စေခဲ့ပါတယ်။
အဲဒီပွဲမှာ မန်ယူနိုက်တက်အသင်းပရိသတ်တချိုက လမ်းမန်းစ်ကို ”ခင်ဗျားဟာ ရှမိုက်ကယ် ပုံဖျက်ပြီးလာတာလား”လို သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
”လမ်းမန်းစ်နဲ့ပတ်သက်ပြီး အရိုးသားဆုံးပြောရရင် အသင်းကို ရောက်လာချိန်အထိ ကျွန်တော် မကြားဖူးပါဘူး။ ဥရောပထိပ်တန်းလိဂ် ၁၀ လိဂ်မှာ သူ့အချက်အလက်တွေကတော့ အရမ်းကောင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဲဒီအရာက ဘယ်လ်ဂျီယံလိဂ်မှာ အဆင့်ငါးရှိတဲ့ အန့်ဝပ်အသင်းနဲ့ပါ။ အချက်အလက်တွေက အမှားတစ်ခု ကျူးလွန်ပြီးနောက် ဘယ်လိုတုံပြန်ရမလဲ၊ မန်ချက်စတာယူနိုက်တက်မှာ ဖိအားဒဏ်ကို ဘယ်လိုဆောင်ရွက်ရမလဲလို မပြပါဘူး။ ဘောလုံးမှာတော့ ဖိအားဒဏ်က တခြားနေရာတွေနဲ့ မတူပါဘူး”လို ရှမိုက်ကယ်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ရှမိုက်ကယ်က ဗီလာဂိုးသမား မာတီနက်ဇ်နဲ့ PSG ဂိုးသမား ဒွန်နာရမ်မာတိုကို ခေါ်ယူခဲ့သင့်တယ်လိုလည်း သုံးသပ်ခဲ့ပါတယ်။









