
မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရွန်နီက လတ်တလော လီဗာပူးလ်အသင်းရဲ့ရလဒ်ဆိုးတွေကြား အသင်းတိုက်စစ်ကစားသမား ဆာလာရဲ့အလုပ်အပေါ် ထားရှိတဲ့ကျင့်ဝတ်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် နှစ်ပွဲအပါအဝင် သုံးပွဲဆက် အရေးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း အာဆင်နယ်အသင်းထံ လွှပြောင်းပေးခဲ့ရပါတယ်။
ဆာလာဟာ လီဗာပူးလ်အသင်းမှာ ပြီးခဲ့တဲ့ရာသီအပါအဝင် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆု လေးကြိမ်(နှစ်ကြိမ်ပူးတွဲ) ရရှိထားပါတယ်။
ဒါပေမဲ့ အခုရာသီမှာတော့ ပရီးမီးယားလိဂ်မှာ open play ကနေ တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
”သူဟာ ခံစစ်ကို ကောင်းကောင်းမကူနိုင်ဘူးဆိုတာကို ကျွန်တော်တို သိပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာ အသင်းဖော်နောက်ခံအစွန်လူက ကွဲပြဲသွားပေမဲ့ သူက စောင့်ပဲကြည့်နေခဲ့ပါတယ်။ သူက နောက်တန်းကို ဆင်းမကူဘူး။ ဗန်ဒိုက်လို ကစားသမားမျိုးအနေနဲ့
အဝတ်အစားလဲခန်းမှာ သူ့အကူအညီလိုတယ်ဆိုတာ ပြောသင့်ပါတယ်။ သူ့ရဲ့အလုပ်အပေါ် ထားရှိတဲ့ကျင့်ဝတ်ကိုတော့ ကျွန်တော် မေးခွန်းထုတ်ရပါလိမ့်မယ်”လို ရွန်နီက ပြောခဲ့ပါတယ်။
ဒါ့အပြင် ရွန်နီက ပြီးခဲ့တဲ့ဇွန်လမှာ အသက် ၃၃ နှစ်ပြည့်ခဲ့တဲ့ ဆာလာအနေနဲ့ အသက်အရွယ်အရ ညာတောင်ပံနေရာအစား သူနဲ့အဆင်ပြေမယ့်ပုံစံကို ပြောင်းသင့်တယ်လိုလည်း တိုက်တွန်းခဲ့ပါတယ်။









