
ဆယ်ကျော်သက်ကွင်းလယ်ခံစစ်ကစားသမား မာ့ခ်ဘာနယ်လ်ကို ၂၀၂၉ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုး
ဘာစီလိုနာအသင်းဟာ လာမာစီယာအကယ်ဒမီထွက် ဆယ်ကျော်သက်ကွင်းလယ်ခံစစ်ကစားသမား မာ့ခ်ဘာနယ်လ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်
ဘာနယ်လ်(၁၈ နှစ်)ဟာ အသက်(၆)နှစ်အရွယ်ကတည်းက ဘာစီလိုနာအကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာကတည်းက ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိတဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တာပါ။
ဒါ့အပြင် အဲဒီအချိန်မှာကတည်းက နောက်ထပ်(၃)နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက် ရယူထားခဲ့သလို၊ ယူရိုသန်း(၅၀၀)တန် လျော်ကြေးစာချုပ်လည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။
ဘာနယ်လ်ဟာ ၂၀၂၄ သြဂုတ် (၁၇)မှာ ဘာစီလိုနာအသင်းအတွက် လာလီဂါမှာ စတင်ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ သြဂုတ်(၂၇)မှာ ACL ဒဏ်ရာရခဲ့တာကြောင့် ရက်ပေါင်း(၃၈၂)ရက်ကြာ အနားယူခဲ့ရပြီး ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာမှ ပြန်ကစားနိုင်ခဲ့တာပါ။
ဒါပေမဲ့ သူ့ရဲ့ခြေစွမ်းခြေစကို ယုံကြည်တာကြောင့် ဘာစီလိုနာအသင်းက သက်တမ်းတိုးခဲ့တာဖြစ်ပြီး နည်းပြ ဟန်ဆီဖလစ်ခ်ကလည်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား ဖြစ်လာနိုင်သူလို့ သုံးသပ်ထားကြောင်း သိရပါတယ်။









