
ရာထူးက ထုတ်ပယ်ခံရမယ့် ပရီးမီးယားလိဂ်နည်းပြအဖြစ် အာမိုရင်မ် ရေပန်းအစားဆုံးဖြစ်လာ
မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်ဟာ ပရီးမီးယားလိဂ်မှာ ရာထူးက နောက်ထပ်ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်(၆)ပွဲ ယှဉ်ပြိုင်အပြီးမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးနဲ့ အမှတ်ပေးဇယားအဆင့်(၁၄)နေရာရောက်ရှိနေပြီး အာမိုရင်မ်က ပရီးမီးယားလိဂ်ပွဲစဉ် (၃၃)ပွဲယှဉ်ပြိုင်ရာမှာ (၃၄)မှတ်သာ ရယူထားနိုင်ပါတယ်။
ဒါ့အပြင် အသင်းနဲ့ ကိုက်ညီခြင်းမရှိတဲ့ ကစားပုံကို ခေါင်းမာစွာနဲ့ ဆက်လက်သုံးစွဲနေတာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီး မန်ယူပရိသတ်အများစုကလည်း နည်းပြအပြောင်းအလဲလုပ်ဖို့ လိုလားနေကြကြောင်း သိရပါတယ်။
ဒါကြောင့် ဝက်စ်ဟမ်းနည်းပြ ဂရေဟမ်ပေါ်တာ ရာထူးက ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ အာမိုရင်မ်က ပရီးမီးယားလိဂ်ကနေ နောက်ထပ် ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ရေပန်းအစားဆုံး ဖြစ်လာတာပါ။
မန်ယူအသင်းတာဝန်ရှိသူတွေက နည်းပြ အာမိုရင်မ်ကို ထောက်ခံနေဆဲဖြစ်ကြောင်း ပြောကြားထားပေမဲ့ အစားထိုးဖို့နည်းပြကို ရှာဖွေနေပြီဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်၊ ပဲလေ့စ်နည်းပြ ဂလက်စ်နာ၊ ဘရိုက်တန်နည်းပြ ဟာဇီလာ၊ ဘုန်းမောက်နည်းပြ အိုင်ရာအိုလာတို့ လျာထားစာရင်းထဲ ပါဝင်နေကြောင်း သိရပါတယ်။









