
Bryan Battle ကို UFC ရဲ့ လက်ရှိကစားသမားစာရင်းကနေ ထုတ်ပယ်လိုက်ပါတယ်။
The Ultimate Fighter အစီအစဉ်ရဲ့ ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ Bryan Battle ဟာ ပြီးခဲ့တဲ့သီတင်းပတ် UFC 319 ပြိုင်ပွဲမှာ Nursulton Ruziboev နဲ့ ယှဉ်ပြိုင်ဖို့ရှိပေမဲ့ ကိုယ်အလေးချိန်ကန့်သတ်ချက်ကို ဒုတိယအကြိမ်မြောက် မကျော်လွန်နိုင်တဲ့အတွက် ပွဲစဉ်ဖျက်သိမ်းခံခဲ့ရပါတယ်။
ယခုရက်အနည်းငယ်အကြာမှာတော့ သူ့ရဲ့စာချုပ်ကို ရုပ်သိမ်းပြီး UFC ကနေ ထုတ်ပယ်ခဲ့ပါတယ်။
MMA Fighting သတင်းဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ UFC အရာရှိတွေက ဒီသတင်းကို အတည်ပြုပေးခဲ့ပါတယ်။
လက်ရှိမှာ သုံးပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ Battle ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက Randy Brown နဲ့ယှဉ်ပြိုင်တဲ့ပွဲမှာလည်း ဝယ်သာဝိတ်တန်းရဲ့ ကိုယ်အလေးချိန်ကန့်သတ်ချက်ကို မကျော်လွန်နိုင်ခဲ့ပေမဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ပွဲနားခဲ့ပြီး UFC ကနေ နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုတဲ့အခါမှာတော့ Battle ကို မစ်ဒယ်ဝိတ်တန်းမှာ Ruziboev နဲ့ ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းခဲ့တာပါ။
အဲ့ဒီအချိန်မှာ Battle က မတွန့်ဆုတ်ဘဲ ပွဲစဉ်ကို လက်ခံခဲ့ပေမဲ့ နောင်တစ်ချိန်မှာ ဝယ်သာဝိတ်တန်းကို ပြန်ဆင်းဖို့ မျှော်လင့်နေခဲ့ပါတယ်။
“အခြေအနေတွေကို ခဏမေ့ထားလိုက်မယ်ဆိုရင် ကျွန်တော် နောက်ဆုံးပွဲတုန်းက ကိုယ်အလေးချိန်ကန့်သတ်ချက်ကို မကျော်လွန်နိုင်ခဲ့ပါဘူး။ နောက်တစ်ပွဲ ပြန်ရဖို့ကလည်း တော်တော်လေး ခက်ခဲပါတယ်။ ကျွန်တော်ရဲ့ ကိုယ်စားလှယ်ကို ပြောလိုက်တာက မစ်ဒယ်ဝိတ်တန်းက ဒီကောင်တွေကို ကျွန်တော် မကြောက်ပါဘူးလို့ ပြောလိုက်ပါတယ်။ ကျွန်တော် အဲ့ဒီတန်းမှာလည်း ယှဉ်ပြိုင်ခဲ့ဖူးတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တော်တော်လေး ခန္ဓာကိုယ်ထွားပါတယ်။ ဒီမစ်ဒယ်ဝိတ်တွေကို ကျွန်တော် မကြောက်ဘူးလို့ ပြောလိုက်တာနဲ့ တပြိုင်နက် ပွဲကချက်ချင်းပေါ်လာခဲ့တာပါ” လို့ UFC 319 မတိုင်ခင်မှာ Battle က MMA Fighting ကို ပြောခဲ့ပါတယ်။
“ကျွန်တော် ဝယ်သာဝိတ်တန်းကို တစ်ချိန်ချိန်မှာ ပြန်ဆင်းချင်ပါတယ်။ အကြောင်းကတော့ အဲ့ဒီတန်းက ကျွန်တော့်ရဲ့ ဇာတ်လမ်းက မပြီးဆုံးသေးဘူးလို့ ခံစားရလို့ပါ။ ကျွန်တော်က ဆုကြေးရဖို့အတွက် ယှဉ်ပြိုင်သူတစ်ဦးပါ။ ကျွန်တော့်ကို ငွေပေးပြီး ဘယ်သူနဲ့ယှဉ်ပြိုင်ခိုင်းခိုင်း ယှဉ်ပြိုင်မှာပါ” လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ပဲ Battle ဟာ မစ်ဒယ်ဝိတ်တန်းကို တက်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကိုယ်အလေးချိန်ထပ်မံကျရှုံးခဲ့ပါတယ်။ သူ့ရဲ့ကိုယ်အလေးချိန်ကန့်သတ်ချက်ဟာ ၁၉၀ ပေါင် (၄ ပေါင် ပိုနေ) ဖြစ်တာကြောင့် အဲ့ဒီပွဲစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ UFC နဲ့ လက်တွဲခဲ့တဲ့ကာလတစ်လျှောက်မှာ Battle ဟာ ကိုယ်အလေးချိန် ကန့်သတ်ချက်ကို စုစုပေါင်း သုံးကြိမ်ကျရှုံးခဲ့ပါတယ်။
အဲ့ဒီရလဒ်ကြောင့် UFC က Battle ရဲ့စာချုပ်ကို ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ သူဟာ UFC ကနေ ၇-၁-၁ (အနိုင် ၇၊ အရှုံး ၁၊ ပွဲမပြီးဆုံး ၁) ရလဒ်နဲ့ ထွက်ခွာခဲ့ရပါတယ်။






